စင်္ကာပူ၊ ဇန်နဝါရီ လ ၁၄ ရက်၊ ၂၀၁၉ ခုနှစ် – စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော Ascent Capital Partners Pte. Ltd. (“Ascent Capital”) သည် မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP (“AMGF”) ကို စတင်ကြောင်း အသိပေးအပ်ပါသည်။
AMGF အနေဖြင့် မြန်မာနိုင်ငံတွင် စားသုံးသူနှင့်သက်ဆိုင်သောလုပ်ငန်းများ၊ ပညာရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ကျန်းမာရေး၊ နည်းပညာ၊ မီဒီယာ၊ နှင့် ဆက်သွယ်ရေး ကဏ္ဍများမှ ကုမ္ပဏီများကို အဓိကထား ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။ အဆိုပါ AMGF ကို ကမ္ဘာတစ်ဝန်း နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေး လုပ်ဆောင်ရာ၌ အောင်မြင်မှုမှတ်တမ်းကောင်းများ ရရှိထားသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှ ပါဝင်ရင်းနှီးထည့်ဝင်ထားခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နံှသူများတွင် Temasek ၊ အာရှဖွံ့ဖြိုးရေးဘဏ် (“ADB”) နှင့် JG Summit Holdings တို့ပါဝင်သည်။ JG Summit Holdings သည် ဖိလစ်ပိုင်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းပေါင်းစုံ လုပ်ကိုင်လျက်ရှိသော အကြီးဆုံး ကော်ပိုရေးရှင်းကြီးများအနက် တစ်ခုဖြစ်ပြီး အစားအသောက်၊ စိုက်ပျိုးရေးအခြေခံ စက်မှုလက်မှုနှင့် လူသုံးကုန်လုပ်ငန်း၊ လေကြောင်းဆက်သွယ်ရေး၊ အိမ်ခြံမြေနှင့် ဟိုတယ်လုပ်ငန်း၊ ရေနံနှင့်ဓာတုလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသော ဘဏ်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။
အဓိကရင်းနှီးမြှုပ်နှံသူများမှာ မြန်မာနိုင်ငံမှ အအောင်မြင်ဆုံး ကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး Grand Royal ဝီစကီအမှတ်တံဆိပ်၏ ပိုင်ရှင်ဖြစ်သည့် Myanmar Distillery Company (“MDC Group”) ၏ တည်ထောင်သူနှင့် တွဲဖက်ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မိုးကျော်၊ MDC Group ၏ တွဲဖက်တည်ထောင်သူ နှင့် Asia Resource Corporation ၏ ဥက္ကဋ္ဌ ဖြစ်သူ စင်္ကာပူနိုင်ငံမှ Mr.Tony Chew တို့ဖြစ်သည်။ Mr.Tony Chew သည် အာဆီယံရှိ ဖွံ့ဖြိုးဆဲဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းများ လုပ်ဆောင်ပြီး အောင်မြင်မှုများ ရှိခဲ့သူဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးအောင်မိုးကျော် မှ “မြန်မာနိုင်ငံ၏ စီးပွားရေးသည် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး AMGF သည် အစောပိုင်းဝင်ရောက်လာသူတစ်ဦးအနေဖြင့် အခွင့်အလမ်းကောင်းများ ရရှိထားသည်။ Temasek, ADB, နှင့် JG Summit Holdings တို့ ကိုယ်စီတွင်လည်း အတွေ့အကြုံ၊ ကျွမ်းကျင်မှု နှင့် ခိုင်မာသည့် လုပ်ငန်းဆက်သွယ်မှုကွန်ရက်တို့ကို ပိုင်ဆိုင်ထားရှိသည်။ မြန်မာနိုင်ငံရှိကုမ္ပဏီများ တိုးတက်အောင်မြင်လာစေရန် AMGF အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်မည်ကို ယုံကြည်မိပါသည်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖွ့ွံဖြိုးစအဆင့်တွင် ရှိနေသော်လည်း ကဏ္ဍအများစုသည် တရှိန်ထိုး တိုးတက်နိုင်သည့် အနေအထားတွင် ရှိနေသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) မှာ ၂၀၁၈ တွင် ၆.၇% ရှိရာမှ ၂၀၂၀ တွင် ၇.၁% အထိ တိုးလာနိုင်ဖွယ်ရှိသည်။ လူဦးရေ ၅၄သန်း၏ သုံးပုံနှစ်ပုံကျော်ခန့်သည် အသက် ၄၀အောက်များဖြစ်ကြပြီး မြို့ပြနေထိုင်မှုနှင့် လူလတ်တန်းစားအုပ်စုဝင်လူဦးရေ လျင်မြန်စွာ များပြားလာမှုတို့သည် ပြည်တွင်း စားသုံးမှုနှင့်သုံးစွဲမှုကို မြင့်တက်လာစေမည်ဖြစ်သည်။
နိုင်ငံရေးဖွံံ့ဖြိုးမှုအခြေအနေမှာလည်း အကောင်းဘက်တွင်ရှိနေသည်။ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) တွင် နိုင်ငံ၏ စီးပွားရေးသဟဇာတရှိရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုဂ္ဂလိကကဏ္ဍမှာ အထူးအရေးပါကြောင်းကို အတည်ပြုခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို အစိုးရမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။
AMGF ကို Ascent Capital မှ တာဝန်ယူစီမံခန့်ခွဲပြီး ၎င်းကို စင်္ကာပူနိုင်ငံသား Lim Chong Chong နှင့် မလေးရှားနိုင်ငံသား Pneh Tee Keong တို့မှ တည်ထောင်ခြင်းဖြစ်သည်။ တည်ထောင်သူများသည် မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင် ပုဂ္ဂလိကရှယ်ယာရင်းနှီးမြှုပ်နှံမှုများ၊ ကော်ပိုရိတ် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ အတိုင်ပင်ခံလုပ်ငန်း နှင့် အကြီးတန်း အမှုဆောင်အရာရှိရာထူးနေရာများတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ထားသည့် အတွေ့အကြုံများရှိကြသည်။
“Temasek နှင့် ADB ကဲ့သို့သော ရင်းနှီးမြှုပ်နှံသူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးကဏ္ဍအမျိုးမျိုးတွင် အောင်မြင်မှုမှတ်တမ်းများရှိသည့် မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံသူများထံမှ ထောက်ပံ့မှုများ ရရှိခြင်းသည် ကျွန်တော်တို့အတွက် ခွန်အားပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလားအလာရှိသော တိုးတက်မှုနှင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအနေအထားများအရ ကျွန်တော်တို့၏ ဘဏ္ဍာရေးထောက်ပံ့ပေးခြင်းသာမက ကျွမ်းကျင်မှုရှိသောစီမံခန့်ခွဲမှုနှင့် ကမ္ဘာအနှံ့ကျယ်ပြန့်သော ကွန်ယက်များကို အသုံးပြုထားသော ရင်းနှီးမြှုပ်နှံမှုပုံစံသည် မြန်မာနိုင်ငံရှိကုမ္ပဏီများ ပိုမိုကောင်းမွန်လာအောင် ကူညီလုပ်ဆောင်ပေးနိုင်မည်” ဟု Ascent Capital ၏ တည်ထောင်သူ နှင့် Managing Partner ဖြစ်သူ Lim Chong Chong မှပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံမှ ကုမ္ပဏီများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက်လိုအပ်သည့် အခြေခံအုတ်မြစ် ရှိလာစေရန်မှာ ကျွန်တော်တို့၏ ရည်မှန်းချက်တစ်ခုဖြစ်သည်။ သဘာဝပတ်ဝန်းကျင်၊ လူမှုရေး နဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုတို့အပေါ် သတိမူဂရုစိုက်လာပြီး နိုင်ငံ၏ စီပွားရေးဂေဟစနစ်နှင့် ကိုက်ညီမှုရှိစွာ လုပ်ဆောင်နိုင်ရန် ပူးတွဲဆောင်ရွက်သွားမည်” ဟု Mr. Lim မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက်တိုးချဲ့ရန်၊ ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် နှင့် ကျား၊မ တန်းတူညီမျှရေးအတွက် အမျိုးသမီးလုပ်ငန်းရှင်များကို အားပေးရန် ADB မှ AMGF သို့ ရင်နှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀သန်း ထည့်ဝင်ခဲ့ကြောင်းကို ယခုလအစောပိုင်းတွင် ကြေညာခဲ့ပါသည်။
“မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ AMGF တွင် ရင်းနှီးမြှုပ်နံှခွင့်ရသည့်အတွက် ဝမ်းသာမိပါသည်။ မြန်မာနိုင်ငံမှကုမ္ပဏီများ ကြီးပွားတိုးတက်ပြောင်းလဲနိုင်ရန် လိုအပ်သည့် ဘဏ္ဍာရေးမတည်ငွေ နှင့် စီမံခန့်ခွဲမှုတို့ကို Ascent Capital မှ ဖြည့်စွက်ပေးခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ကို ယုံကြည်ပါသည်။ ထို့အပြင် ရေရှည်တွင်တည်တံ့ခိုင်မြဲမည့် စီးပွားရေးပတ်ဝန်းကျင် ဖြစ်ပေါ်လာအောင် ကူညီရမည်ဟူသည့် AMGF ၏ ရည်ရွယ်ချက်သည် ADB ၏ ရည်ရွယ်ချက်နှင့်လည်း ထပ်တူကျပါသည်။ ဥပမာ အမျိုးသမီးလုပ်ငန်းရှင်များနှင့် အမျိုးသမီးများမှ ဦးဆောင်သည့် ကုမ္ပဏီများအတွက် အခွင့်အရေးများဖန်တီးပေးခြင်းနှင့် အားပေးထောက်ပံ့ပေးခြင်း တို့ဖြစ်သည်” ဟု ADB ၏ Private Sector Operations Department၊ Investment Fund and Special Initiatives Division မှ ဒါရိုက်တာ Ms. Janette Hall မှ ပြောကြားခဲ့ပါသည်။